Saturday, June 4, 2011

တရားဓမ္မ

ဇာတက၀တ္ထုလာ မင်းကျင့်တရား(၁၀)ပါး
ရာဇဓမ္မ

၁။ ရက်ရောမှု လွပ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်းမဆန်ခြင်း။
၂။ အကျင့်သီလ အဆင့်မြင့်ကောင်းမွန်ခြင်း။
၃။ တိုင်းသူပြည်သားများ၏ ဘ၀သက်သာချောင်ချိရေးအတွက် မိမိ၏ကိုယ်ကျိုးအတ္တကို စွန့်လွတ်အနစ်နာခံခြင်း။
၎။ ရိုးသားဖြောင့်မတ်ပြီး အကြွင်းမဲ့ဂုဏ်သိက္ခာရှိခြင်း။
၅။ ကြင်နာသနားတတ်ခြင်း။
၆။ တိုင်းသူပြည်သားများအားကျလောက်အောင် မိမိ၏ ဘ၀အနေအထိုင်ရိုးသားခြင်း။
၇။ အမျက်ဒေါသကင်းစင်ခြင်း။
၈။ အကြမ်းမဖက်ခြင်း။
၉။ သည်းခံတတ်ခြင်း။
၁၀။ ပြည်သူလူထု၏ ထင်မြင်ယူဆချက်များကို လေးစားစွာ ငြိမ်းချမ်းရေးနှင့်ညီညွတ်မှုကို မြှင့်တင်ခြင်း။
- ဗဟုသုတရစေရန်အတွက် ရေးသားဖော်ပြပေးခြင်းဖြစ်ပါသည်။
ပါဠိ
၁။ ဒါန
၂။ သီလ
၃။ ပရိစာဂ
၎။ အဇ္ဖ၀ံ
၅။ မဒ္ဒ၀ံ
၆။ တပံ
၇။ အကောဇံ
၈။ အ၀ိဟိံသံ
၉။ ခန္တီ
၁၀။ အ၀ိရောဓနံ

အလှူ

ခွန်အားကိုပေးလှူချင်လျှင် အစားအစာကို ပေးလှူရမည်။

ရုပ်အဆင်းကို ပေးလှူချင်လျှင် အ၀တ်အထည်ကောင်းကောင်းမွန်မွန်ကို ပေးလှူရမည်၊

မျက်စိအလင်းကို ပေးလှူချင်လျှင် မီးစသည် အလင်းရောင်ကို ပေးလှူရမည်

ချမ်းသာသုခကို ပေးလှူချင်လျှင် သွားလာစရာယာဉ်ကို ပေးလှူရမည် ၊

ဆိုခဲ့သည့် ကောင်းကျိုးလေးမျိုးလုံးကို တစ်ပြိုင်နက်တည်း ပေးလှူချင်လျှင် အဆောက်အအုံကို ပေးလှူရမည်။နိဗ္ဗာန်ကို ပေးလှူချင်လျှင် တရားဓမ္မကို ပေးလှူရမည်။

ဝဋ္ဋသုတ်တော် ဝတ္ထု ဖြစ်စဉ်

မြတ်စွာဘုရားသည် တပည့်သား သံဃာတော်တို့ နှင့် အတူ မာဂဓ တိုင်းအတွင်း ဒေသစာရီ လှည့်လည်တော်မူရာ တစ်ခုသော တောနက်အရောက်တွင် တောမီးကြီး လောင်သည် နှင့် ပက်ပင်းပါ တိုးမိကြလေသည် ။
သစ်ပင်ကြီးများ တဝုန်းဝုန်း လဲကျအောင် လောင်ကျွမ်းသော တောမီးကြီး ၏ အရှိန်ကို မြင်တွေ့ရသော ရဟန်းတော် များမှာ ....ဆောက်တည်ရာ မရ တုန်လှုပ် ချောက်ချားကြ၍ အချို့က ပြေးလွှား ရန် ကြံကြသည် ။အချို့ က မီးဖြတ် မီးတား လုပ်၍ လမ်း လွှဲရန်ကြံ ကြသည် ။ အားလုံးပင် ဣနြေ္ဒမရဖြစ်ကြသည် ။
ဤတွင် အမြော်အမြင် ရှိသော ရဟန်းတော် များမှာ .." ငါ တို့သည် မြတ်စွာ ဘုရားနှင့် အတူတကွ ကြွလာကြသဖြင့် ဣနြေ္ဒမရ မဖြစ်သင့် ၊ ဘုရားရှင်၏ အထံတော်မှာသာ ခစား ကြကုန်အံ့ " ဟု ဆိုကာ မြတ်စွာဘုရား ထံတော်ပါး ၌စုရုံး ကာ နေကြ လေသည် ။
အရှိန်အဟုန် ပြင်းစွာ လောင်ကြွမ်းနေသောတောမီးကြီးမှာလည်း မြတ်စွာဘုရား နှင့် ရဟန်းတော် များ အနီး၃၂ တောင်ပတ်လည် အကွာတွင် ဆက်ကာ မီးမလောင် တော့ ဘဲ ငြိမ်းအေးသွားလေတော့သည် ။
ဤဖြစ်ရပ်ကို မြင်ရသော ရဟန်းတော်များက မြတ်စွာဘုရား သခင်၏ ဘုန်းတန်ခိုးတော် ကို အံ့ဩချီးမွမ်းတော်မူကြလေလျှင် ဘုရားရှင်က " ဤမီးတောက် မီးလျှံများ ငြိမ်းအေးရခြင်း သည် ငါ ၏ဘုန်းတော် မဟုတ် ၊ ရှေးယခင်အခါ ငါ ဘုရား နုစဉ် ဘဝ က သစ္စာ ပြုကဲ့သော နေရာဒေသ ဖြစ်၍ မည် သည့် နည်း နှင့်မျှ မီးမလောင်နိုင်ချေ " ဟုမိန့်ဆို ကာ အတိတ်ဘဝ ကို ဟောတော်မူလေသည် ။
ငါဘုရား နုတော်မူစဉ်က ဤတောမှာပင် ငုံးငှက်ငယ်ဖြစ်ခဲ့လေသည် ။ အတောင်အလက် မစုံလင်မီ မိဘများက နှုတ်သီးဖြင့် အစာ ခွံ့ရသည့် ဘဝ တွင် ရခု မီးလောင်သော မီးကဲ့သို့တောမီးကြီး လောင်လေရာ တောတွင်းရှိ သက်ရှိ သတ္တဝါ မှန်သမျှ အသက်ရှင်ရေး ပြေးလွှားတိမ်းရှောင်၍ ဤတောကို စွန့်ခွါသွားကြလေသည် ။
အလောင်းတော် ငုံးငှက်ငယ်မှာ အသိုက်တွင်းမှ နေ၍ ဤသို့ သစ္စာ ပြု၏ ။
" ငါ့ ၌ အတောင်ရှိ၏ ၊ သို့သော် မပျံနိုင်သေး ။ ငါ့ ၌ခြေထောက်ရှိ၏ ၊ သို့သော်မသွားနိုင်၊ မလှမ်းနိုင်သေး ။ ငါ့၌ မိဘနှစ်ပါး ရှိ၏ ၊ သို့သော် ဤနေရာ၌မရှိ ၊ စွန့်ခွါ သွားကြကုန်၏ ။ ဤ မှန်ကန် သော သစ္စာ စကားကြောင့် ငါ့ အား မီးဘေးမှ ကင်း လွတ်စေ သတည်း "
ဟူ၍ သစ္စာ ပြုတော်မူ၏ ။ ထို အခါ အလောင်းတော် ငုံးမင်း စံရာ အသိုက်သစ်ပင် နှင့် ၃၂ - တောင်ကွာပတ်လည် အရောက်တွင်တော မီးသည် နေနှင့် တွေ့ သကဲ့သို့ ငြိမ်းအေးခြင်း သို့ ရောက်ခဲ့သည် ။
ယခု ချစ်သား တို့ နှင့် ငါဘုရား ရပ်တန့် နေသော ၃၂ - တောင်ပတ်လည် ရှိ ဤနေရာသည် ထို ငုံးမင်း ဖြစ်စဉ်က စံကာ သစ္စာ ပြုခဲ့ သည့်နေရာ ဖြစ်သောကြောင့် ဤ ဘဒ္ဒ ကမ္ဘာတည် အောင် သည်နေရာ တွင် လုံးဝ မီးမလောင်နိုင် - ဟုဟောဖော် ညွှန်းသည် ကစ၍ ဝဋ္ဋ သုတ်တော် ဖြစ်ပေါ်ရွတ်ဆိုခဲ့ကြပါသည် ။



စိန္တာမဏိ ဂါထာမန္တန်တော် ဖြစ်စဉ်


စိန္တာမဏိဂါထာမန္တန်တော်ဖြစ်စဉ်အလိုရှိတိုင်း ၊ တောင့်တတိုင်း ၊ ပြည့်စုံစေတတ်သော စိန္တာမဏိ ဂါထာမန္တန်တော်ကြီးဖြစ်ပေါ်လာပုံမှာ… ...
မြင်းမိုရ်တောင်၏ မြောက်မျက်နှာ ကို အစိုးရသော ဝေဿဝဏ္ဏ ( ကုဝေရ )နတ်မင်းကြီး ၏ထံပါး ၌ သုံးနှစ်တိုင်တိုင် အလုပ်အကျွေး ပြုစုခဲ့သော " စန္ဒာမုခိ "ဘီလူးမ သည် နတ်မင်းကြီး ၏ဆုတော် လာဘ်တော် အဖြစ် အနံ ငါးယူဇနာ ၊ အလျားယူဇနာ ၃၀ရှိသော တောအုပ်ကို အပိုင်စားရ သောတောစိုး နတ်ဘီလူးမ အဖြစ်စံမြန်းနေပေသည် ။
ထိုတောအုပ်ကို အပိုင်စားရသူပီပီ တောအုပ် အတွင်း ဖြတ်သန်းလာသူ လူသားအားလုံးတို့အား ဖမ်းဆီးသတ်ဖြတ်စားသောက်နေလေသည် ။ တစ်နေ့တွင် ဗာရာဏသီ ပြည်မှ ပုဏ္ဏား လုလင်ပျို တစ်ယောက်သည် ကုန်သည်ဘာဝ နွားလှည်းများဖြင့် တပည့်အပေါင်းခြံရံ ကာ ထိုတောအုပ်ကို ဖြတ်သန်းမိလေရာ ဘီလူးမ ၏ ဖမ်းဆီးခြင်းကို ခံရလေသည် ။
ယခင် ဖမ်းဆီးရသူများကို သတ်ဖြတ်စားသောက်လေ့ ရှိသော်လည်း ယခု ဖမ်းမိသူ ပုဏ္ဏား ငယ်မှာ ချောမောလှပ သောလူပျို လူရွယ် ချစ်စဖွယ် ဖြစ်နေသဖြင့် မသတ်ရက် ၊ မစားရက်တော့ဘဲ လင်မယား အဖြစ် ပေါင်းသင်းနေထိုင်ကာ တခြားတစ်ပါးသို့ ထွက်မပြေးနိုင်အောင် ကျောက်ဂူအတွင်းမှာ အလုံပိတ်ထားလျက် နေ့စဉ် သစ်သီးဝလံ များကို ရှာဖွေ ကျွေးမွေးထားလေသည်ဘီလူးမနှင့်ပုဏ္ဏားနှစ်ဦးညား၍သားကလေးတစ်ယောက်ဖွားမြင်ပြီး၁၆နှစ်မြောက်အရွယ်ရောက်လာသော အခါ ဖခင် နှင့် မိခင် ရုပ်သွင်ခြားနား မတူငြားသဖြင့်မိခင် အစာရှာသွားခိုက် ဖခင် ကို မေးမြန်းရာ ဖခင် က နောက်ကြောင်းဖြစ်ရပ် များပြောပြသိရှိသဖြင့် မိမိတို့ နှင့်အသွင်တူရာ လူ့ရပ်လူ့ရွာသို့ သွားလိုလှသဖြင့်မိခင်မရှိခိုက် တစ်နေ့ မိမိ ၏အားခွန်ဗလ နှင့် ကျောက်ဂူတံခါး ကို ဖွင့်၍ ဖခင် ကို ထမ်းပြီး ပြေးလေတော့သည် ။
စန္ဒာမုခိ ဘီလူး မ ပြန်လာပြီး ကျောက်ဂူ အတွင်းမှ သားအဘနှစ်ယောက်ကို မတွေ့ သဖြင့် လိုက်ရှာရာ တောတွင်းတစ်နေရာ ၌တွေ့ပြီး ပြန်ခေါ်ထားလေသည် ။
တောတွင်းမှာ မပျော်ပိုက်တော့သော သားအဘ နှစ်ယောက်မှာ နောက်မကြာမီ ယခင်ကကဲ့သို့ ထွက်ပြေးပြန်ရာဘီလူးမကပြန်လည်ဖမ်းမိပြန်လေတော့သည် ။နှစ်ကြိမ်တိုင်ပြန်လည် အဖမ်းခံရသောသားအဘ နှစ်ယောက်မှာ အလွယ်တကူ ထွက်မပြေးဝံ့တော့ဘဲ ဘီလူးမ ယုံကြည်လောက်သည်ထိကိုယ်ရှိန်သတ်၍နေရတော့သည် ။
တစ်နေ့တွင် သားဖြစ်သူက မိခင် ဖြစ်သူအား မျက်နှာချိုသွေးပြီး ပိုင်နက်အကျယ်အဝန်းကို မေးကာ နယ်စပ်နေရာဒေသများကိုလိုက်လံကြည့်ရှုမှတ်သားထားလေသည် ။သို့နှင့် အခွင့်အရေးရသော တစ်နေ့တွင်ဖခင်ကိုထမ်းကာမိခင်၏ပိုင်နက်နယ်စပ်လွတ်လေရာအနီးဆုံးစခန်းသို့လှမ်းပြေးကြလေတော့သည် ။သားအဘ နှစ်ယောက် အတွက်သစ်သီးဝလံရှာဖွေ၍ ပြန်လာသော စန္ဒာမုခိ ဘီလူးမ မှာ ကျောက်ဂူ အတွင်းမှာ သား နှင့် လင်ကိုမ တွေ့သဖြင့်ပူပင်သောက ကြီးစွာ ပိုင်နက် အတွင်းလိုက်လံရှာဖွေရာ မိမိ ပိုင်နက် မှလွတ်ရာ မြစ်လယ်ကောင်သို့ ရောက်နေသော သား အဘ နှစ်ယောက်ကို တွေ့သဖြင့်ငိုယိုတမ်းတကာ အမြန်ပြန်လာရန် တောင်းပန်ခေါ်ငင်လေတော့သည် ။မိခင်ပိုင်နက် မှ လွတ်မြောက် နေကြောင်းသိသော သား က ပြန်မလာနိုင်ကြောင်း ၊ အမျိုးဇာတ်တူရာ လူသားတို့ နေထိုင်ရာ လူ့ ရပ် လူ့ရွာသို့ သွားခွင့်ပြုပါတော့ ဟုပြန်လည်ပြောကြားလေတော့သည် ။ခေါ်မရသည့် အဆုံးတွင် မိခင်ဘီလူးမကြီးက " လူ့ရပ်လူ့ရွာ မှာဘာပညာမှ ငါ့သားမတတ်လျင် ငတ်မွတ်ဆင်းရဲ ဒုက္ခကြုံလိမ့်မည် ၊ ဒီတော့ ခိုးသူ ခြေရာ ရှာပြီး ဥစ္စာကို ဖော်ပေးနိုင်တဲ့ စိန္တာမဏိ ဂါထာတော်ကို ငါ့သားသင်ယူသွားပေတော့ " ဟု မျက်ရည် လည်ရွဲ နှင့်ပူပွဲ ကြီးဆင်ကာ စိန္တာမဏိ ဂါထာတော်မြတ်ကိုမြစ်ကမ်းပါးပေါ်မှသင်ပေးလေတော့သည်။မြစ်လယ်မှ လက်အုပ်ချီ၍စိန္တာမဏိ ဂါထာသင်ယူနေသောသားသည် ဂါထာရသည် နှင့် တပြိုင်နက် ရုတ်တရက်လဲကျသွားသော မိခင်ကြီး ကို ပြေးထူရာ ရင်ကွဲနာ ကျ၍ ဘဝပြောင်းသွားသည်ကို တွေ့ရလေတော့သည် ။သားအဘ နှစ်ယောက်မှာသောကမကင်းတောတွင်းမှာပင် ဘီလူးမအလောင်းကို တောပန်းတောင်ပန်း များဖုန်းအုပ်သဂြိုဟ်ခဲ့ပြီးဗာရာဏသီ ပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြလေသည် ။ဗာရာဏသီပြည်တွင် သူခိုး ခြေရာခံ၍ စိန္တာမဏိ မန္တန်တော်ကို ရွတ်ဆို၍ ဥစ္စာပစ္စည်းများကို ရှာဖွေပေးနိုင်သဖြင့်" ပဒကုသလ" ဟု အမည်တွင်လျက် ပညာရှင် သူကြွယ်ဖြစ်ခဲ့သည်မှ စ၍ စိန္တာမဏိဂါထာတော်ဟုဖြစ်ပေါ်ရွတ်ဆိုပွါးများခဲ့ကြပါသတည်း။

…………………………………………………………………


စိန္တာမဏိဂါထာတော်ရွတ်ဖတ်ရခြင်းအကျိုး

ဤ စိန္တာမဏိ ဂါထာတော် ကို ရွတ်ဆိုခြင်းဖြင့် အကြံ အစည် အောင်မြင်စေတတ်သည် ။ရာထူးဌာနန္တရရရှိစေတတ်သည် ။ လူ ၊ နတ် တို့ချစ်ခင် နှစ်သက်ခြင်း ခံရတတ်သည် ။ မိမိ တို့ ၏ ပစ္စည်းဘဏ္ဍာ၊ ရတနာ၊ ရွှေ ၊ ငွေ စသည်တို့ကို တစ်ပါးသူတို့ ခိုးဝှက် ယူငင်မရနိုင်ဘဲအကြိတ် အခဲ အမြဲတည်ရှိခြင်း ၊ လိုချင်တောင့်တသော ပစ္စည်း များရရှိတတ်ခြင်း အကျိုးများကိုခံစားရရှိနိုင်လေသည် ။


အာဋာနာဋိယသုတ်တော် ဝတ္ထု ဖြစ်စဉ်

ရာဇဂြိုဟ် ပြည်ကြီးအနီး ဂိဇ္ဈကုဋ် တောင်တွင် မြတ်စွာဘုရား သီတင်းသုံး နေတော်မူစဉ် တစ်ညသော သန်းခေါင်ယံ ၌မြင်းမိုရ် တောင်၏ လေးမျက်နှာတွင်နေကြကုန် သောဓတရဋ္ဌ နတ်မင်း ၊ ဝိရူဠှက နတ်မင်း ၊ ဝိရူပက္ခ နတ်မင်း ၊ ကုဝေရနတ်မင်း ၊ ဤ နတ်မင်းကြီးလေးပါး သည် မြတ်စွာဘုရား အားလာရောက်ဖူးမြှော်ကြလေသည် ။
ဖူးမြှော် ကြပြီး နတ်မင်းကြီးလေးပါးတို့ကိုယ်စား ကုဝေရ နတ်မင်းကြီး က ဦးဆောင်လျှောတ်ထားသည်မှာ ...လူကောင်း လူဆိုးအမျိုးမျိုး ရှိကြသလို နတ်လောက ၊ ဘီလူးလောက ၌လည်း အကောင်း ၊ အဆိုး နှစ် မျိုး ရှိကြပါသည် ။
အရှင်ဘုရား၏ သာသနာတော်အတွင်းရှိ တရားဓမ္မ၌ မွေ့လျော် သူ ဥပါသကာ ၊ ဥပါသိကီ တို့အား သာသနာတော် ကို မကြည်ညိုသူ ဘီလူးဆိုး ၊ နတ်ဆိုးများက ဝင်ရောက်နှောက်ယှက် ခြောက်လှန့်ခြင်း ပြုပါက တပည့်တော်မှာလည်း တာဝန်မကင်း ဖြစ်ပါလိမ့်မည် ။
သို့အတွက်ကြောင့် ထိုနတ်ဆိုးများအား ကြောက်ရွံ့စေသော ၊ နာခံစေသော ၊ တပည့် တော် ၏ နာမည်ပါသော အာဋာနာဋိယ နတ် မြို့တော်မှ ထုတ်ပြန်လိုက်သော အမိန့်တော် ပြန်တမ်း စည်းကမ်းသဖွယ် ဖြစ်သည့် အရံအတား ပရိတ်တော် တရားဒေသနာတော် ကို ဟောကြားတော်မူပါ ဟု နားတော် လျှောက်လေ၏ ။
ထိုအခါ မြတ်စွာဘုရား သည် ဝိပဿီ စသော မြတ်စွာဘုရား ခုနှစ်ဆူ အားရှိခိုးခြင်း မှအစ နတ်မင်းကြီးများ၏ အမည်ပါသော အာဋာနာဋိယ သုတ်တော် ကို ထုတ်ဖော် ဟောကြား၍ ရွတ်ပွါးသရဇ္ဈာယ်ခဲ့ ကြလေသည် ။
………………………………………………………………………….



ဤသုတ်တော်ကို နေ့စဉ် မပြတ် ရွတ်ဖတ်သရဇ္ဈာယ် ခြင်းဖြင့်နတ်တို့က စောင်မ သည် ။ အကာအကွယ် ပေးသည် ။ အမှောင့်ပယောဂ များ မကပ်ရောက်နိုင် ၊ မိစ္ဆာ ဝါဒီ ပညာသည် တို့ ပြုစားခြင်းမှ ကာကွယ်နိုင်၏ ။ မကောင်းသော ဂြိုဟ်စီး ဒသာကံကြမ္မာ တို့မှလွတ်ကင်း ချမ်းသာ စေ နိုင်သော အကျိုး သတ္တိ ရှိလေသည် ။

 

ပုဗ္ဗဏှ သုတ်တော် ဝတ္ထု ဖြစ်စဉ်

ပုဗ္ဗဏှ သုတ်တော်သည် ဘုရား ၊ တရား၊ သံဃာ ရတနာ မြတ်သုံးပါးတို့ ၏ဂုဏ်တော် ကျေးဇူးတော်၊ အာနုဘော်များ ကို စုပေါင်း ၍ ကျက်သရေ ၊ မင်္ဂလာ ရှိစေရန်စီစဉ်ထားသော် သုတ်တော်ဖြစ်သည် ။
မြတ်စွာဘုရား ဟောကြားတော်မူခဲ့ သမျှ ပရိတ်တော်များမှ ထုတ်နှုတ် စီစဉ်ထားခြင်းဖြစ်သည် ။ မြတ်စွာဘုရား ၏အာနုဘော် တို့ဖြင့် အန္တရာယ် ကင်းပျောက် ဘုန်းတန်ခိုးတောက်စေရန် ၊ တရားတော်မြတ်၏ အာနုဘော် တို့ဖြင့် အန္တရာယ် ကင်းပျောက် စီးပွါးလာဘ်လာပြီ ရောက်စေရန် ၊ သံဃာတော်များ ၏ အာနုဘော် တို့ဖြင့် အန္တရာယ် ကင်းပျောက် အကြံအစည် မြောက်စေရန် စီမံမိန့်ဆိုထားသော ပုဗ္ဗဏှသုတ်တော် ဖြစ်ပါသတည်း ။
……………………………………………………………….

ဤပုဗ္ဗဏှ သုတ်တော်ကို နေ့စဉ်မပြတ် ရွတ်ဖတ် သရဇ္ဈာယ် ပွါးများ ပါက ကြုံတွေ့ရမည့် အတိတ်ဆိုး ၊ နမိတ်ဆိုး မြား တို့ ပြေပျောက်နိုင်ခြင်း၊ အိမ်၏ကျက်သရေတိုးပွါးခြင်း ၊ ရာထူး ဌာနန္တရ တိုးတက်ခြင်း ၊ ထီပေါက်ခြင်း ၊ မိမိသာမက တစ်အိမ်သားလုံး စိတ်ချမ်းသာခြင်း ၊ ကိုယ်ကျန်းမာခြင်း ၊ သုခ ( ၂ ) ပါးအားလုံးပြည့်စုံစေနိုင်ပါသည် ။


 

ဗောဇ္ဈင်သုတ်တော် ဝတ္ထု ဖြစ်စဉ်

တစ်ရံရော အခါ တန်ခိုးပြင်းထန် လက်ဝဲတော်ရံ ရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ် နာမကျန်း ဖြစ်လတ်လေသည် ။ ဟူးရား အကျော်သမားတော် များ၏ ဆေးဝါးများသောက်သုံးပါသော်လည်း ရောဂါဝေဒနာမသက်သာချေ။
ထိုအခါ ရှင်တော်မြတ်ဘုရား ကြွရောက်တော်မူလာပြီးဗောဇ္ဈင်ခုနှစ်ပါး တရားမန္တန် ပရိတ်တော်ကို ဟောဖော်ချီးမြှင့်တော်မူရာ ရှင်မဟာမောဂ္ဂလ္လာန် မထေရ် မှာ ရောဂါ ဝေဒနာ မှ လွတ်ကင်း ကျန်းမာခြင်းသို့ ရောက်လေရာ ထိုအခါမှ စ၍ ဗောဇ္ဈင် သုတ်တော်ဖြစ် ပေါ်ထင်ရှားပွါးများ ရွတ်ဆိုခဲ့ကြပါသတည်း ။
…………………………………………………………………………….

ဤ ဗောဇ္ဈင်သုတ်တော် ကို နေ့စဉ်ရွတ်ဖတ် ပွါးများခြင်းဖြင့် ရောဂါ ဆိုး၊ ဝေဒနာဆိုး များ မကပ်ငြိနိုင်ပဲပျောက်ကင်းချမ်းသာစေနိုင်သည် ။ ရောဂါ ဝေဒနာ ကျရောက်နေသူများ အတွက်ဌာန်ကရိဏ်းကျ ပီပီသသ ရွတ် ပေးပါက ရောဂါ ကင်း ပျောက်ချမ်းသာရောက်ခြင်းသို့ မုချရောက်ရှိပါလိမ့်မည် ။

 

အင်္ဂုလိ မာလသုတ်တော် ဖြစ်စဉ်

သာဝတ္ထိပြည် ပေဿာနဒီကောသလမင်းကြီး ၏ အတိုင်ပင်ခံပညာရှိ ပရောဟိတ်ကြီး ၏ ဇနီးပုဏ္ဏေး မကြီး မန္တာနီ တွင် သား တစ်ယောက်ဖွားမြင်ရာဖွားမြင်သည့် အချိန်တွင် တစ်ပြည်လုံးရှိ လက်နက်များ အရောင်တဝင်းဝင်း ထွက်လာသဖြင့် ကောသလ မင်းကြီးက မေးရာ ပုဏ္ဏားတော်ကြီးက မိမိ၏ဇနီး မှမွေးဖွားသော သား၏နက္ခတ် ကြောင့်ဖြစ်ကြောင်း သံတော်ဦးတင်၍ ၎င်းသားကို သုတ်သင် ဖျောက်ဖျက်ပစ်ပါမည်ဟုသံတော်ဦးတင်လျောက်လေသည် ။
မင်းကြီးက " တိုင်းပြည်ကို လုယူမည့် သူပုန်ဖြစ်မည်လား " မေးရာ ပုရောဟိတ်ကြီးက ထီးနန်းကို လုယူမည့်သူမဟုတ်ပါ ၊ တောတွင်း လူဆိုးသာ ဖြစ်ပါမည် ပြောသဖြင့် မင်းကြီးက " ဇီဝိတဒါန အသက်ရှင်ပါစေ ၊ မသေပါစေနှင့်" ဟု မိန့်ကြားသဖြင့် " ဟိံသက " အမည်ပေး၍ ဆက်လက်မွေးမြူထားလေသည်။အရွယ်ရောက်သောတက္ကသိုလ်ဒိသာပါမောက္ခဆရာကြီး ထံပညာသင် စေလွှတ်ထား၏ ။ တပည့်ပေါင်းများစွာ ရှိသည့်အနက် ဟိံသက မှာ ဖျတ်လတ်သွက်လက် သဖြင့် ဆရာကတော်ကြီးက ဟိံသက ကို လက်စွဲပြုစေခိုင်းလေ့ရှိသည်။ ဆရာကတော်ကြီးက အရေးပေးသည်ကို မနာလိုသော တပည့်များသည် ဟိံသက မှာ ဆရာကတော်ကြီးအပေါ် ၌ မရိုးသားကြောင်း ဆရာကြီး အားကုန်းချောစကား ဆိုကြလေတော့သည် ။
ဆရာကြီး သည်အထင်လွဲကာ ဟိံသက အား ပညာစုံပြီဖြစ်၍ ပညာကြေး ကန်တော့ရန် " လူ့လက်ညှိုးတစ်ထောင်ဖြတ်၍ယူခဲ့" ဟု အနုနည်းဖြင့် သေလမ်းကို ညွှန်ကြားလိုက်လေသည် ။
ဟိံသက သည်လည်း ဆရာကြီးအပေါ်၌ ကြည်ညိုလေးစားစွာ ဖြင့် ဩဝါဒ အတိုင်း သာဝတ္ထိပြည် အနီး ဇာလိယတောတန်းထဲ တွင် နေကာ ဓားတစ်ချောင်း ဖြင့် လာလာ သမျှသော လူများကို သတ်၍ လက်ညှိုးဖြတ်ကာ ကြိုးနှင့်သီပြီး လည်ပင်းမှာ ဆွဲထားလေတော့သည် ။
ထိုအချိန်က စ၍ ဟိံသက အမည်မှ အင်္ဂုလိမာလ ဟုအမည်တွင်ကာ ဘုရင်မင်းမြတ် ကိုယ်တိုင်ထွက်၍ နှိမ်နင်းရန် ကြံသည်အထိ ရာဇဝတ်ကောင်ကြီး တစ်ဦးသဖွယ် ကြီးကျယ်လာတော့သည် ။
ကောသလ မင်းကြီးကိုယ်တိုင် စစ်တပ်နှင့် ထွက်၍ လက်ရ ဖမ်းမည်ဟု သိသောနေ့တွင် မန္တာနီ ပုဏ္ဏေး မကြီးသည် သားအပေါ့ချစ်ခြင်း မေတ္တာ ကရုဏာ ဖြင့်ဇာလိယ တောတန်းသို့ အပြေးလှမ်းကာ သားကို တော်ရာ လွတ်ရာ သို့ ရှောင်ရှားရန် ဟစ်အော် သတိပေးလေတော့သည် ။
အင်္ဂုလိမာလ အဖို့မှာ လည်း တစ်ထောင်ပြည့်ရန် လက်တစ်ချောင်းသာ လို သောနေ့မှာ မွေးသမိခင် ကျေးဇူးရှင် ကိုယ်တိုင် လာရောက်သတိပေးလေရာ ဘုယျာဉ်ကိုယ်တိုင်လူ ဆိုးဖမ်းထွက်မည့်နေ့ဖြစ်၍ ဤတောတန်းများ၌ ဖြတ်သန်းမည့်အခြားသူ မရှိဘဲ တစ်ဦးတည်းသောလာသူမှာလည်း မိခင်ရင်း ဖြစ်နေတော့ရာ ...ယနေ့ လက်ညှိုးတစ်ထောင်ပြည့်ပါက ဆရာ့ထံပြန်၍ ကန်တော့လိုသော အင်္ဂုလိမာလ မှာ " မာတာပိတု ဂူဏော အနန္တော " သဘောသက်ဝင် မဆင်ခြင်နိုင်ဘဲ မိခင်ရင်းလက်ညှိုးကိုဖြတ်ရန်ကြံစည်ကာဓားဆွဲ၍လိုက်လေသည် ။
သတ္တဝါ ဝေနေ များဗိုလ်ခြေကို ကရုဏာ တော် အနန္တဖြင့် ဒိဗ္ဗစက္ခု ဉာဏ်တော်မြတ်ဖြင့် ကြည့်ရှူ့ကယ်တင်ရန် ဆုံးဖြတ်တော် မူသောမြတ်စွာဘုရား သခင်သည် မိခင် နှင့် သားအကြား ဘွားခနဲဝင်၍မိခင်ကိုကာကွယ်လိုက်လေတော့သည် ။အပြေးလျှင်သော သားသမင်ကို ပင် အစဉ်အမြဲရအောင် ဖမ်းယူနိုင်သော အင်္ဂုလိမာလ မှာ ဘုရားရှင်ကို လိုက်၍ မမီနိုင်သည့် အဆုံး" ရဟန်းကြီးရပ်လော့"ဟုလူဆိုးပီပီအမိန့်ပေးလေတော့သည် ။ဗုဒ္ဓ ဘုရားရှင်က " အင်္ဂုလိမာလ ၊ ငါကားရပ်နေ၏ ၊ သင်သာ မရပ်သေးပါတကား " ဟု မိန့်ရာ အင်္ဂုလိမာလ က " ရဟန်းကြီး ၊ အဘယ့် ကြောင့် မုသားပြောသနည်း " ဟု ထပ်ဆင့်မေးသဖြင့် ဘုရားရှင် က သံသရာ အမိုက်ဇာတ်ကို အမြစ် မဖြတ်ဘဲ တဝဲလည်လည် မရပ်မနား ပြေးလွှားနေခြင်း အဓိပ္ပါယ်ကို အလွယ် နှင့် နားလည်ရန် ဟောသဖြင့် ပါရမီ ရင့်ပြီးသူ အင်္ဂုလိမာလ မှာ တစ်ထိုင်တည်း ဖြင့် " ဧဟိ ဘိက္ခု " ရဟန်း ဖြစ်လေတော့သည် ။လူဆိုး ဖမ်းထွက်လာသော မင်းကြီးမှာ ဘုရားကျောင်းတော်တွင် ရဟန်းဖြစ်နေသော အင်္ဂုလိမာလ ကို ကန်တော့၍သာ နန်းတော်သို့ ပြန်ရရှာလေတော့သည် ။
ရဟန်းမြတ်ဣနြေ္ဒ နှင့်ပြည့်စုံစွာ ဆွမ်းခံထွက်လာသောအင်္ဂုလိမာလ ကို မြို့တွင်းမှ လက်ညှိုးဖြတ်ခံရသူများက တုတ် ၊ ခဲ ၊ အုတ် ၊ ကျောက် များဖြင့် ပစ်ခတ်သည့် အတွက် ဒဏ်ရာများရသော်လည်း သည်းခံ၍ သာသီတင်းသုံး နေရရှာသည် ကို မြတ်စွာဘုရား က ခေါ်ယူ၍ မီးမဖွားနိုင်သော သူ တို့အားသစ္စာ ပြုပြီး မီးဖွားစေသောဂါထာ မန္တန်တော်ကို သင်ကြားပေးတော်မူ၏ ။
အင်္ဂုလိမာလ ရဟန္တာမြတ် ၏ ကျေးဇူးတော်ကြောင့် မီးမဖွားနိုင်သူတို့ လွယ်ကူစွာ မီးဖွားနိုင်သည်မှ စ၍ကြည်ညိုသူပေါများ ခြင်း ရယူနိုင်သော ရဟန္တာ မထေရ်မြတ် တစ်ပါးဖြစ်သွားသည့် အချိန်မှစ၍ အင်္ဂုလိမာလ သုတ်တော်ကို ရွတ်ပွါးများခဲ့ကြသည် ။
…………………………………………………………………

မီးဖွားခက်ခဲ သော သန္ဓေဆောင်ကိုယ်ဝန်သည်များ ဤပရိတ်တော် မန္တန်ရေတိုက်ပေးပါက ကျန်းမာ ချမ်းသာစွာ အလွယ်တကူဖွားမြင်နိုင်ပါသည် ။ ကိုယ်ဝန်နှုတ်ပိုက်ရှိသူများ အမြဲတစေ ရွတ်ဖတ်ပါက ခက်ခဲမရှိချောမောစွာဖွားမြင်နိုင်၏ ။
လူသာမက အိမ်မွေးတိရစ္ဆာန်များ မွေးဖွားရ ခက်လျှင် ဤပရိတ်မန္တာန် ရေဖြင့်ပင် ဖျန်းပက်တိုက်ပေးပါက လွယ်ကူစွာ ဖွားမြင်ရသော အကျိုးကျေးဇူးရရှိစေနိုင်ပါသည်။

 


 

ဓဇဂ္ဂ သုတ်တော် ဝတ္ထု ဖြစ်စဉ်

မြတ်စွာဘုရားသခင် အထံမှာ ကမ္မဋ္ဌန်းကျင့်နည်းများကို တောင်းခံ ၍ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက် လူသူကင်းရှင်းဆိတ်ငြိမ်ခြင်း ရှိသည့် နေရာတို့ကို ရွေးချယ် ၍ဘာဝနာ ကမ္မဋ္ဌန်း စီးဖြန်း ကြသူများ မှာ တစ်ခါတစ်ရံ စိတ်အားငယ်တတ် ကြသည် ။
တစ်ယောက်တည်း ဖြစ်နေသဖြင့် တုန်လှုပ် ချောက်ချား တရားမရနိုင်ဘဲ ကမ္မဋ္ဌန်း အာရုံ ပျက်စီးသူများ ဘုရားရှင်လက်ထက်တော်ကပေါ်ပေါက်ခဲ့ဖူးလေသည်။
ထိုပုဂ္ဂိုလ် များအားလုံး အတွက် ဓဇဂ္ဂ သုတ်တော် ကို ရှင်တော် ဘုရားဟောကြား တော်မူလေသည် ။
ဓဇဂ္ဂသုတ် တော် ၏ အဓိပ္ပါယ် မှာ သိကြားမင်း နှင့် အသူရာနတ် တို့ စစ်ခင်းကြသော အခါ အသူရာတို့ က အင်အားကြီးမား လာ သဖြင့် နတ်စစ်သည် များကြောက်ရွံ့နောက်ဆုတ်ခဲ့ကြသည် ။
ထို နောက်ဆုတ်ကြောက်ရွံ့ နေသော နတ် စစ်သည်များကို သိကြားမင်း ကြီး က " မိမိ ၏ အောင်လံတံခွန် ထိပ်ဖျားကို ကြည့်ကြလော့ " ဟု ကြွေးကြော်လိုက်လေသည် ။ မိမိ ၏ အလံတော် ကို မမြင်ရပါက နတ်စစ်သူကြီး ပဇာပတိ ၏အလံတော်ထိပ်ဖျားကို ကြည့် ကြလော့ ။ သို့ မဟုတ် ဝရုဏ နတ်စစ်သူကြီး ၏ အလံတော်ကို ကြည့်ကြကုန်လော့ ။ သို့မဟုတ် ဤသာန စစ်သူကြီး၏ အလံတော် ကို ကြည့်ကြကုန်လော့ " ဟုကြွေးကြော် လိုက်ရာ .....နတ်စစ်သည်များသည် သိကြားမင်း၏ အလံတော်ထိပ်ဖျားကို လည်းကောင်း ၊ နတ်စစ်သူကြီး ၃ - ပါး၏ အလံတော်ထိပ်ဖျားကို လည်းကောင်း ကြည့်၍ တိုက်ခိုက်ရာ အသူရာ စစ်သားများ တပ်လန့်ရှုံးနိမ့်ပြီး သိကြားမင်း ၏ နတ်စစ်သည်များအောင်ပွဲဆင်ခဲ့ကြလေသည် ။
ယင်း အဖြစ်အပျက် ကို နမူနာယူ၍ ကမ္မဋ္ဌန်း တရားအားထုတ်လိုသူများ လည်း အားငယ်လာလျှင်၊ ကြက်သီးထလာပါလျှင် နတ်စစ်သည်များ သိကြားမင်း ၏ အလံ တော်ထိပ်ဖျား ကို ကြည့်၍ ရဲရင့် စိတ်သတ္တိများပေါ်လာကာအောင်ရသကဲ့သို့ ....
ငါ ဘုရား၏ ဂုဏ် တော် ကိုးပါး တည်း ဟူသော ဘုရား အလံတော် ၊ဂုဏ် တော် ခြောက်ပါး တည်း ဟူသောတရား အလံတော် ၊ ဂုဏ် တော် ကိုးပါး တည်း ဟူသော သံဃာ့ အလံတော် များကို စိတ်တွင် ရည်ရွယ် မှန်းဆ ကြည်ညိုလိုက်ပါက ပေါက်မြောက်နိုင်လိမ့် မည် ဟု သိကြားမင်း ၏ အလံတော် နှင့် ဥပမာ တင်စားမြတ်စွာဘုရား ဟောတော်မူ သည့် အချိန်ကစ၍ ဓဇဂ္ဂ သုတ်တော် ဖြစ်ပေါ် ရွတ်ဆိုခဲ့ကြပါသတည်း ။

………………………………………………………………………

ဤသုတ်တော် ကို အမြဲ သရဇ္ဈာယ် ရွတ်ဖတ်နေသူ များမှာ ...ကြောက်ရွံ့အားငယ် စိတ်များ ကင်းကွာ သွားနိုင်ပါသည် ။ မကြာ ခဏ လန့်တတ်သူများ ၊ ကိုယ့်ကိုကိုယ် အထင်မကြီးသူများ အမြဲရွတ်ဖတ်ပေးပါက ရဲရင့်သော သတ္တိစိတ်များ ပွါးများလာနိုင်ပါသည်။ စာမေးပွဲ ဖြေမည့် သူများ လေးလေးစားစား ရွတ်ပါက အကျိုးထူးခံစားနိုင်ပါသည် ။

 

ဝဋ္ဋသုတ်တော် ဝတ္ထု ဖြစ်စဉ်

မြတ်စွာဘုရားသည် တပည့်သား သံဃာတော်တို့ နှင့် အတူ မာဂဓ တိုင်းအတွင်း ဒေသစာရီ လှည့်လည်တော်မူရာ တစ်ခုသော တောနက်အရောက်တွင် တောမီးကြီး လောင်သည် နှင့် ပက်ပင်းပါ တိုးမိကြလေသည် ။
သစ်ပင်ကြီးများ တဝုန်းဝုန်း လဲကျအောင် လောင်ကျွမ်းသော တောမီးကြီး ၏ အရှိန်ကို မြင်တွေ့ရသော ရဟန်းတော် များမှာ ....ဆောက်တည်ရာ မရ တုန်လှုပ် ချောက်ချားကြ၍ အချို့က ပြေးလွှား ရန် ကြံကြသည် ။အချို့ က မီးဖြတ် မီးတား လုပ်၍ လမ်း လွှဲရန်ကြံ ကြသည် ။ အားလုံးပင် ဣနြေ္ဒမရဖြစ်ကြသည် ။
ဤတွင် အမြော်အမြင် ရှိသော ရဟန်းတော် များမှာ .." ငါ တို့သည် မြတ်စွာ ဘုရားနှင့် အတူတကွ ကြွလာကြသဖြင့် ဣနြေ္ဒမရ မဖြစ်သင့် ၊ ဘုရားရှင်၏ အထံတော်မှာသာ ခစား ကြကုန်အံ့ " ဟု ဆိုကာ မြတ်စွာဘုရားထံတော်ပါး၌စုရုံးကာနေကြလေသည် ။
အရှိန်အဟုန် ပြင်းစွာ လောင်ကြွမ်းနေသောတောမီးကြီးမှာလည်း မြတ်စွာဘုရား နှင့် ရဟန်းတော် များ အနီး၃၂ တောင်ပတ်လည် အကွာတွင် ဆက်ကာ မီးမလောင် တော့ ဘဲ ငြိမ်းအေးသွားလေတော့သည်။
ဤဖြစ်ရပ်ကို မြင်ရသော ရဟန်းတော်များက မြတ်စွာဘုရား သခင်၏ ဘုန်းတန်ခိုးတော် ကို အံ့ဩချီးမွမ်းတော်မူကြလေလျှင် ဘုရားရှင်က " ဤမီးတောက် မီးလျှံများ ငြိမ်းအေးရခြင်း သည် ငါ ၏ဘုန်းတော် မဟုတ် ၊ ရှေးယခင်အခါ ငါ ဘုရား နုစဉ် ဘဝ က သစ္စာ ပြုကဲ့သော နေရာဒေသ ဖြစ်၍ မည် သည့် နည်း နှင့်မျှ မီးမလောင်နိုင်ချေ " ဟုမိန့်ဆို ကာ အတိတ်ဘဝ ကို ဟောတော်မူလေသည် ။
ငါဘုရား နုတော်မူစဉ်က ဤတောမှာပင် ငုံးငှက်ငယ်ဖြစ်ခဲ့လေသည် ။ အတောင်အလက် မစုံလင်မီ မိဘများက နှုတ်သီးဖြင့် အစာ ခွံ့ရသည့် ဘဝ တွင် ရခု မီးလောင်သော မီးကဲ့သို့တောမီးကြီး လောင်လေရာ တောတွင်းရှိ သက်ရှိ သတ္တဝါ မှန်သမျှ အသက်ရှင်ရေး ပြေးလွှားတိမ်းရှောင်၍ ဤတောကိုစွန့်ခွါသွားကြလေသည် ။
အလောင်းတော် ငုံးငှက်ငယ်မှာ အသိုက်တွင်းမှ နေ၍ ဤသို့ သစ္စာ ပြု၏ ။
" ငါ့ ၌ အတောင်ရှိ၏ ၊ သို့သော် မပျံနိုင်သေး ။ ငါ့ ၌ခြေထောက်ရှိ၏ ၊ သို့သော်မသွားနိုင်၊ မလှမ်းနိုင်သေး ။ ငါ့၌ မိဘနှစ်ပါး ရှိ၏ ၊ သို့သော် ဤနေရာ၌မရှိ ၊ စွန့်ခွါ သွားကြကုန်၏ ။ ဤ မှန်ကန် သော သစ္စာ စကားကြောင့် ငါ့ အား မီးဘေးမှ ကင်း လွတ်စေ သတည်း "
ဟူ၍ သစ္စာ ပြုတော်မူ၏ ။ ထို အခါ အလောင်းတော် ငုံးမင်း စံရာ အသိုက်သစ်ပင် နှင့် ၃၂ - တောင်ကွာပတ်လည် အရောက်တွင်တော မီးသည် နေနှင့် တွေ့ သကဲ့သို့ ငြိမ်းအေးခြင်း သို့ ရောက်ခဲ့သည် ။ယခု ချစ်သား တို့ နှင့် ငါဘုရား ရပ်တန့် နေသော ၃၂ - တောင်ပတ်လည် ရှိ ဤနေရာသည် ထို ငုံးမင်း ဖြစ်စဉ်က စံကာ သစ္စာ ပြုခဲ့ သည့်နေရာ ဖြစ်သောကြောင့် ဤ ဘဒ္ဒ ကမ္ဘာတည် အောင် သည်နေရာ တွင် လုံးဝ မီးမလောင်နိုင် - ဟုဟောဖော် ညွှန်းသည် ကစ၍ ဝဋ္ဋ သုတ်တော်ဖြစ်ပေါ်ရွတ်ဆိုခဲ့ကြပါသည် ။
…………………………………………………………



ဤ ဝဋ္ဋ သုတ်တော် ကို နေ့စဉ် ရွတ်ဖတ် သရဇ္ဈာယ်သူတို့အား မီးကြောင့် ပျက်စီး ဆုံးရှုံးမှူမ ဖြစ်နိုင် ။ မိမိ အိမ် မီးကွင်းနိုင်၏ ။တစ်ရပ်ကွက်လုံး စုပေါင်း ရွတ်ဆိုပါက တစ်ရပ်ကွက်လုံး မီးဘေး အန္တရာယ် ကင်းဝေးစေ နိုင်၏ ။

 

မောရသုတ်တော် ဝတ္ထု ဖြစ်စဉ်

မြတ်စွာ ဘုရားစံတော်မူရာ သာဝတ္ထိပြည် မွန် ဇေတဝန်ကျောင်းတော်နေ ရဟန်းတစ်ပါးသည် ဖြီးလိမ်း ဆင်ယင်အလှပြင်၍လာသော မိန်းမပျိုတစ်ဦးကို မြင်၍ စွဲလမ်းတပ်မက် သော စိတ်ဖြင့် ရဟန်းတရားများကို အားမထုတ်နိုင် ဖြစ်နေလေရာ ...သီတင်းသုံးဖော် ရဟန်းတော်များက ထိုရဟန်းအားခေါ် ၍မြတ်စွာဘုရား ထံသို့ ပို့ပြီး အကြောင်းစုံ လျှောတ်ထားကြလေသည် ။
ဘုရားရှင်က....ထိုရဟန်းတော် ကို
" ချစ်သား ၊ သင်သည် မာတုဂါမ ကိုစွဲလမ်းသော စိတ်များဖြင့် တရားတော်၌ မမွေ့လျော်ခြင်း မှန်ပါသလား " ဟု မေးလေရာ မှန်ပါကြောင်း ပြန်ပြောင်း ဝန်ခံလေသည် ။
ထိုအခါ ဘုရားရှင်က " မာတုဂါမ ကိုစွဲလမ်းသော စိတ်သည် နှစ်ပေါင်းခုနှစ်ရာ စင်ကြယ်စွာ နေလာခဲ့သော သူတော်ကောင်းကို ပင် ကိလေသာ စိတ်ဖြင့် တုန်လှုပ်ချောက်ချား စေတတ် ၏" ဟု အစချီ ကာ ကိုယ်တော်တိုင် နုစဉ် အခါက ကြုံခဲ့ရသော မောရသုတ်တော် ကို ဟောဖော် မိန့်ကြား တော်မူလေသည် ။ဗာရာဏသီပြည့် ရှင် ဗြဟ္မဒတ် မင်းကြီး ၏ ကြင်ယာတော် ခေမာ မိဖုရားကြီး သည် " ရွှေ အဆင်းရှိသော ဥဒေါင်းမင်း ၏တရားကို နာယူရသည် " ဟု အိပ်မက်မြင် မက်လတ် သဖြင့် ခင်ပွန်း လင် ဖြစ်သူ ဗြဟ္မဒတ် မင်းကြီး အား ရွှေဥဒေါင်း မင်း ထံ တရားနာယူ လိုကြောင်းပူဆာလေသည် ။မင်းကြီးသည် တိုင်းပြည် အတွင်းရှိ မုဆိုးများကို ဆင့်ခေါ် မေးမြန်း ရာ ဒဏ္ဍက မည်သော တောင်ထွတ်၌ ရွှေရောင်ပဝင်း လှပတင့်တယ်ခြင်း ရှိသော ဥဒေါင်းမင်း ရှိပါကြောင်း သံတော်ဦး တင်သဖြင့် " မနာမကျင် စေ ဘဲ အရှင်ရအောင် ဖမ်း ယူရမည် " ဟုအမိန့်တော် ချမှတ်လေသည် ။ဒဏ္ဍက ရွှေတောင်ရှိ ဥဒေါင်း မင်း ကြီးသည်ကား .....နံနက်အိပ်တန်းမှ ဆင်းလျှင်ဆင်းချင်း နေမင်းကြီးအား အရိုအသေ ပေးလျက် " ဥဒေတယံ " အစချီသော ဂါထာ ကို ရွတ်ဆိုပြီး မှ အစာရှာလေ့ရှိသည် ။ ညနေပိုင်းမှာ ဝင်လု ဆဲဆဲနေမင်းကြီးအား အရိုအသေပေးလျက် " အပေတယံ " အစချီသော ဂါထာတော်ကို ရွတ်ဆိုပြီးမှအိပ်တန်း တက်လေ့ရှိလေသည် ။
ထို နိစ္စဗတ်ဝတ် မပျက်ခြင်းကြောင့် ....မုဆိုးများက နည်းအမျိုးမျိုးဖြင့် အရှင်ရအောင် ညွှတ်ကွင်း ထောင်၍ ဖမ်းပါသော် လည်း မမိနိုင်ဘဲ ဖြစ်၍နေလေသည် ။ခေမာ မိဘုရားကြီးမှာလည်းထို ရွှေဥဒေါင်းမင်း ထံမှ တရားနာလို စိတ်နှင့် ပင် ခုနှစ် နှစ်တိုင်တိုင် စောင့်ပါသော်လည်း ဆန္ဒ မပြည့်ဝဘဲ နတ်ရွာစံရရှာလေသည် ။ဗြဟ္မဒတ် မင်းကြီး လည်း ဤရွှေဥဒေါင်း ကို အကြောင်းပြု၍ ခေမာ မိဘုရားကြီး နတ်ရွာစံရလေသည် ဟု စိတ်နာကာ " ဒဏ္ဍက ရွှေတောင်ရှိ ရွှေဥဒေါင်း မင်း အသား ကို စားရပါက မအိုနိုင် ၊ မနာနိုင် ၊ မသေနိုင် " ဟု ရွှေပေလွှာကမ္ပည်း ထိုး၍ ထားခဲ့ပြီး နတ်ရွာလားလေသည် ။ထို့နောက် မင်း ၆ ဆက်တိုင်တိုင် ရွှေပေလွှာအရ ဖမ်းကြသော်လည်း မမိနိုင်ဘဲနှစ်ပေါင်းခုနှစ်ရာတိုင်ကြာလာခဲ့လေတော့သည် ။
ခုနှစ်ဆက် မြောက်မင်းလက်ထက် ရွှေဥ ဒေါင်းမင်းကြီး အားဖမ်းရန် တာဝန်ကျသော မုဆိုးမှာ လိမ္မာ ပါးနပ်သူ ဖြစ် သဖြင့် ရွှေဥဒေါင်းမင်းကြီး ၏ အဆင်း အတက်ကို သတိဖြင့် ကြည့်ရှူ့ကာ နေ့ စဉ် ပြုနေကျအရံအတားပျက်ပြားအောင်ကြံလေတော့သည် ။
ဒေါင်းမ လှလှကလေး တစ်ကောင်ကို ရှာကြံမွေးမြူသင်ယူပြီးခါ တောတွင်းသို့ ခေါ်လာပြီး ဥဒေါင်းမင်းကြီး အိပ်တန်းအဆင်းမှာ ညွှတ်ကွင်းများထောင်လျက် အသံပေးလိုက်လေတော့သည် ။
ဒဏ္ဍက တောင်ထိပ်ပေါ်မှ နေမင်းကြီး အား အရိုအသေပေး၍ " ဥဒေတယံ " ဂါထာရွတ်ရန် ဆင်းလာသော ဥဒေါင်းမင်းကြီးမှာ မ သံကြားသဖြင့် ဂါထာ မရွတ်အားတော့ဘဲ ဒေါင်းမလေး ထံဆင်းအလာ ညွှတ်ကွင်းမှာ မိ၍ အဖမ်းခံရကာ ရွှေ နန်းတော်တွင်းသို့ ရောက်ရှိလာတော့သည် ။
ဘုရင်မင်းမြတ် ၏ မေးခွန်း အရ မိမိ၏ အသားကို စား၍ " မအို - မနာ -မသေ " ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ၊ မိမိမှာ လွန်လေပြီးသော အတိတ်ဘဝ က ဤတိုင်းပြည်မှာ ပင် စကြဝတေး မန္ဓတ် မင်း ဖြစ်စဉ်က သီလ စောင့်ထိန်းခဲ့၍ ယခုကဲ့သို့ ရွှေရောင် အဆင်း ပဝင်း၍ လှပတင့်တယ် ကာ အသက်ခုနှစ်ရာ ရှည်ရကြောင်း နှင့် ဒါန ၊ သီလ တရားများကို ဟောကြားကာ မင်္ဂလာ ဥယျာဉ် ရေကန် တော်တွင်းမှ စကြာပျံရတနာ ကို ထုတ်ဖော်ကာ ပေးလိုက်လေသည် ။
ဘုရားအလောင်း တော် ဥဒေါင်းမင်း ဖြစ်စဉ်ဘဝက ဟောကြားတော်မူသော တရားတော် ကို နာယူရသည့် ရဟန်းတော်များမှာ ကိလေသာ ကင်းကွာ၍ ရဟန္တာ ဖြစ်သွားလေသည် ။ မြတ်စွာ ဘုရား ဟောကြားချက် အရ ပြန်လည် ပေါ်ပေါက်လာသော မောရသုတ် ခေါ် ပရိတ်တော် ကို ရွတ်ဖတ်ပွါးများ ခဲ့ကြပါသည် ။

 

ခန္ဓသုတ် ပရိတ်တော် ဝတ္ထုဖြစ်စဉ်

သာဝတ္ထိ ပြည် မွန် ဇေတဝန် ကျောင်းတော်တွင် သီတင်းသုံးနေတော်မူကြသော ရဟန်းတော်မြား အနက်တစ်ညဥ့်တွင် ရဟန်းတစ်ပါးကို မြွေ ခဲ၍ ပျံလွန်တော်မူလေသည် ။ ယင်း အကြောင်း ကိုမြတ်စွာဘုရား သိရှိတော်မူလေသော် ဝိရူပက္ခ စသော မြွေ ၄ - မျိုး ကို မေတ္တာ ပို့သော ခန္ဓသုတ်တော် ကို ရွတ်ဖတ်ခြင်း ဖြင့် အဆိပ်ရှိသော သတ္တဝါ မှန်သမျှ မကိုက်ခဲ ကြကုန် ဟု မိန့်ဆိုတော်မူကာ ခန္ဓ သုတ်တော် ကို ဟောတော်မူလေသည် ။
………………………………………………….
ခန္ဓ သုတ်တော်ကို အမြဲ သရဇ္ဈာယ် သူ တို့မှာမြွေ ၊ ကင်း မှစ၍ တောရိုင်း တိရစ္ဆာန်များ ကိုက်ခဲခြင်း ၊ ရန်မူခြင်းဘေးမှ ကင်းဝေးကြလျက် အဆိပ်သင့်ခြင်း ဘေးမှလည်း ကင်းဝေးစေ လေသည် ။

 

မေတ္တာသုတ် ပရိတ်တော် ဝတ္ထုဖြစ်စဉ်

သာဝတ္ထိ ပြည်မွန် ဇေတဝန် ကျောင်းတော် ၌ ဂေါတမ မြတ်စွာ ဘုရား သီတင်းသုံး စံနေတော်မူစဉ် ငါးရာသော ရဟန်းအစု တစ်စုသည် တစ်ခုသော ဝါဝင်ခါနီး ကာလ၌ မြတ်စွာဘုရား သခင်အား ဖူးမြော် ရှိခိုး၍ ကမ္မဋ္ဌာန်း နိဿယများယူကာ တောအုပ် တစ်ခုတွင် ဝါ ဆိုလျက် ကမ္မဋ္ဌာန်း တရားအားထုတ်ကြလေသည် ။
ရဟန်းတော် များသည် တောအုပ်အနီး ရွာများတွင် နံနက်ဆွမ်းကို ပြည့်စုံစေလျက် ညအခါမှာ တောအုပ် တွင်းရှိ သစ်ပင် ကြီးများကို မှီခိုကာ တစ်ပင်လျှင် တစ်ပါးကျ သီတင်းသုံး၍ တရားကျင့်တော်မူကြလေသည် ။ထို အချိန်တွင် သစ်ပင်ပေါ်ရှိ ရုက္ခစိုး များသည် ရဟန်းတော်များ၏ အထက်တွင် မနေဝံ့ကြ သဖြင့် မြေပြင်တွင် ဆင်း၍ ဒုက္ခ ခံ ကာ နေထိုင်ကြရလေသည် ။
အချို့ ရုက္ခ စိုး များမှာ ကလေး ငယ်များ ရှိကြသဖြင့် ရဟန်းတော်များတစ်နေ့ ပြန်နိုး တစ်ရက်ပြန်နိုး စောင့်စား နေ ပါသော်လည်း ရုတ်တရက် မပြန်တော့သဖြင့် အချင်းချင်း ညှိနှိုင်းကာ ငါးရာသော ရဟန်းတို့ ကြောက်လန့်ထွက်ပြေးစေ ရေး အတွက် ကြောက်မက်ဖွယ်ရာ ဘီလူးကြီး၊ နဂါးကြီး သဏ္ဌဏ် ပြ၍ လည်းကောင်း ၊ ထိတ်လန့်ဖွယ်ရာ အပုပ်နံ့ကြီးများဖြင့် လည်းကောင်း ခြောက်လှန့်ဖျက်ဆီးကြတော့သည် ။
ရဟန်းတော်များသည် တစ်ပါးစီ ခြောက်လှန့်ခံကြရ သည် ဖြစ်ရာ ကမ္မဋ္ဌာန်းဘာဝနာ ကို အားထုတ်ရာတွင် သမာဓိ မရနိုင်တော့သည့် အဆုံးခေါင်းဆောင်မထေရ် ကြီးအား အသိပေးလျက် မြတ်စွာဘုရား ရှိရာ သာဝတ္ထိ ပြည် ဇေတဝန် ကျောင်းတော် သို့ ပြန်လာခဲ့ကြလေသည် ။
ဘုရားသခင်၏ ရှေ့ မှောက်၌ ဖြစ်ပျက်ပုံ အကြောင်းများ ကို လျှောက်ထားသည့်အခါ ရှင်တော်မြတ်ဘုရား က ရဟန်းငါးရာ တို့ကို မေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်းကြစေရန် မေတ္တာ သုတ်တော်ကို ဟောဖော်သင်ကြား၍ ယင်းတောအုပ် သို့ပင် ပြန်လည် စေလွှတ်လိုက်လေသည် ။
မေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်း၍ မေတ္တာ သုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ် သွားသော ရဟန်းတော်ငါးရာ ကို ရုက္ခစိုး နတ်တို့သည် မနာလို စိတ်များ ပျောက်ကွယ်၍ လူသဏ္ဌဏ် ဖန်ဆင်းလျက် ခရီးဦးကြိုသူကြို ၊ ခြေဆေးသူဆေး ၊ သပိတ်ပွေ့သူက ပွေ့ နှင့် လုပ်ကျွေးကြကာ ဝါကျွတ်သည့် အခါတွင် ရဟန်းငါးရာ တို့မှာ ကောင်းစွာ တရားထူးရသည် မှ စ၍ မေတ္တာ သုတ်တော်ဖြစ်ပေါ်ရွတ်ဖတ်ခဲ့ကြပါသတည်း ။
အလျင်းသင့်၍ လူတို့ ၌ မထားသင့် မထားအပ်သော ဗုဒ္ဓ ၏အဆိုအမိန့် တစ်ရပ်ကို ထပ်မံ တင်ပြလိုပါသည် ။
" ပဋိဃနိမိတ္တဉ္စ ၊ မနှစ်သက်အပ်သော အနိဋ္ဌာအာရုံ သည်လည်းကောင်း ။ အယောနိ သော မနသိကာ ရောစ ၊ မတင့်မသင့်နှလုံး သွင်းခြင်းသည် လည်းကောင်း ။ ဘိက္ခဝေ ၊ ရဟန်းတို့ ။ခေါ ၊ စင်စစ် ။ ဒေါသဿ ၊ ဒေါသ ၏ ။ ဥပ္ပါဒါယ ၊ ဖြစ်ခြင်းငှါ ။ ပစ္စယာ ၊ အကြောင်းတို့ကား ။ ဣမေ ဒွေ ၊ ဤနှစ်ပါးတို့သာလျှင်တည်း ။" ဟု ဆိုပါသည် ။ ဒေါသ ၏ မူလ ရင်းမြစ် ကို ပယ်သတ်၍ မေတ္တာပွါးနိုင်ရန် လိုအပ်လှပါကြောင်း ထပ်ဆောင်းတင်ပြအပ် ပါသတည်း ။
……………………………………….

မေတ္တာ သုတ်တော် ရွတ်ဖတ်ရခြင်း အကျိုး

မေတ္တာ သုတ်တော်ကိုအမြဲ မပြတ်ရွတ်ဖတ်သရဇ္ဈာယ်လေ့ ရှိသူ တို့မှာ အပလောက ပယောဂ အခြောက်အလှန့် မခံရခြင်း ၊ အနာရောဂါ ကင်းခြင်း၊ အိပ်မက်ဆိုး ၊ နိမိတ်ဆိုး ၊ အတတ်ဆိုး များမကြုံရခြင်း ၊ လူ နတ် အများချစ်ခင်ကြခြင်း၊ အဆိပ်လက်နက် မစူးရှခြင်း ၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်း မှ စ၍ ဗြဟ္မာ့ ဘုံ ရောက်သည် အထိ အကျိုးပေးနိုင်စွမ်း ရှိလေသည် ။


 

ရတန သုတ်တော် ဝတ္ထုဖြစ်စဉ်

ဘုရား ဒါယကာ ဗိမ်္ဗိသာရ မင်းကြီး စိုးစံ သော ရာဇ ဂြိုဟ်ပြည် နှင့် ရှစ်ယူဇနာ ကွာသော နေရာတွင် ဝေသာလီ တိုင်းပြည်ရှိ၏ ။လိစ္ဆဝီ မင်း စိုးစံ၏ ။ ထိုတိုင်းပြည် နှစ်ပြည် ၏ ဗဟို အလယ်တွင် ဂင်္ဂါမြစ် ခြားလျက်ရှိလေသည် ။ဂေါတမ မြတ်စွာ ဘုရားသခင် ရာဇဂြိုဟ် ပြည်တွင် ဝါဆိုနေ စဉ်က ဝေသာလီပြည်တွင် ကောက်ပဲ သီးနှံ များစိုက်ပျိုး မရ ၊ မိုးကြီးခေါင်ကာ ဒုဗ္ဘိက္ခန္တရ ကပ် ငတ်မွတ် ခေါင်းပါးသော ဘေးကြီး ဆိုက်ကာ အစာရေစာမစားရ၍သေကြေပျက်စီးကြသည် ။
အသေ အပျောက်များလာသော အခါ လူသေကောင်များ ကိုသုသာန် မပို့နိုင် တော့ဘဲ မြို့ထဲမှာ ပုပ်ပွ နေလေတော့သည်။ထိုအနံ့ကြောင့်မြို့ပြင်မှဘီလူး၊သရဲများမြို့ထဲဝင်ကာစားသောက်ကြလေတော့သည် ။ထိုဘီလူး ၊ သရဲ များကို မှီ၍ ကပ်ရောဂါ များ ပိုမို ဖြစ်ပွါးကာ ဝေသာလီ တစ်ပြည်လုံး စိုးရိမ်ဖွယ်ရာ ချောက်ချားလာလေတော့သည် ။တိုင်း သူပြည်သူ များက လိစ္ဆဝီ မင်းများအပေါ် မင်းကျင့် တရား ညီ ၊ မညီ စုံစမ်း သောအခါ မင်းကျင့်တရား လည်း မ ချွတ်ယွင်း ၊ လိစ္ဆဝီ မင်းများကလည်း တိုင်းသူပြည်သားများ ဖောက်ပြားကြလေသလော စစ်မေးရာ ဖောက်ပြားမှု မရှိ ၊ ကြံရာ မရ သည့် အဆုံး ရာဇဂြိုဟ် ပြည့်ရှင် ဘုရင် ဗိမ္ဗိသာရ မင်းကြီးထံ အကူအညီတောင်းကာ ဂေါတမ မြတ်စွာ ဘုရားအား မဟာကရုဏာရှေ့ထားကာ ကြင်နာသ နားသဖြင့် ကယ်ဆယ်တော်မူပါရန် ဗိမ္ဗိသာရ မင်းကြီးမှတဆင့် တောင်းပန်ပင့်ဖိတ်ရတော့သည် ။ယင်းသို့ ပင့်ဖိတ်လျှောက်ထားချက် အရ မြတ်စွာဘုရားသည်ညီတော်အာနန္ဒာနှင့်တကွရဟန္တာငါးရာခြံရံလျက်ဝေသာလီပြည်သို့ကြွချီတော်မူလေသည် ။ရာဇဂြိုဟ် ပြည့်ရှင် ဘုရင် ဗိမ္ဗိသာရ မင်းကြီး က ကျောင်းတော်မှ ဂင်္ဂါမြစ်ကမ်း ထိ ဝေသာလီပြည် သို့ ကြွချီရန်မင်းခမ်းမင်းနားဖြင့်ပို့ဆောင်ပူဇော်လေသည် ။လိစ္ဆဝီ မင်းတို့ကလည်း လှပစွာ မွမ်းမံ ခြယ်လှယ် စီမံထားသော လှေတော်ကြီး ၂ စင်းတွဲဖြင့် မင်းခမ်း မင်းနား ဖြင့် ထည်ဝါ ခန့်ညားစွာ ပင့်ဆောင်လာကြသည် ။မြတ်စွာဘုရား သခင်အား ပင့်ဆောင်ခဲ့ ကြသော လိစ္ဆဝီ မင်းတို့၏ လှေဖောင်ကြီး ဝေသာလီ ဆိပ်ကမ်း ဘက်သို့ ရောက်သည် နှင့် တစ်ပြိုင်နက် မိုးသားတိမ်လိပ်များ တရိပ်ရိပ် တက်လာကာ ကောင်းကင်အလုံး မိုးထစ်ချုန်းလျက် တအုန်းအုန်း အောမြည်၍ မိုးကြီး သည်းထန်စွာရွာချလေတော့သည် ။ဝေသာလီ တစ်ပြည်လုံး ရေ လွှမ်းဖုံးပြီး လူသေအလောင်း ကောင်များသည် ရေထဲ မျောပါသွားကြတော့ သဖြင့် မြို့အတွင်း သန့်ရှင်း ကျန်ရစ်တော့သည် ။ အနံ့ အသက်များပါကင်းသွားလေတော့၏ ။မြတ်စွာဘုရားသည် နောက်ပါ ရဟန်းတော် များခြံရံလျက် ဝေသာလီ မြို့ တံခါးဝ တွင်ရပ် လျက် ရဟန်းတော် များ နှင့် အတူ ရတန သုတ်တော် ကို ရွတ်ဆိုတော် မူလေသည် ။ သိကြားမင်း နှင့် နတ်မင်းကြီးများ လာရောက်၍ တရားနာယူကြလေသည် ။ထိုမှ တစ်ဆင့် မြို့လယ်ရှိ ရတနာ မဏ္ဍပ် သို့ ကြွချီတော်မူရာ ရဟန္တာ ငါးရာ နှင့် နတ်ဒေဝါ များ လိုက်ပါ ပူဇော် ကြ သဖြင့် သရဲ ၊ တစ္ဆေ၊ မြေ ဘုတ်ဘီလူး တို့ ဝေးရာသို့ ပြေးကြ လေတော့သည် ။မြတ်စွာဘုရားသည် ဝေသာလီ မြို့တွင်း ပတ်၍ ဒေသစာရီ ကြွချီကာ ရတန သုတ်တော် ရွတ်ဖတ်ခြင်း ဖြင့်ကပ် ရောဂါ များကင်းဝေးစေခဲ့ သည် ။ယင်းသို့ ကင်းဝေးစေပြီး မှ ရာဇဂြိုဟ် မြို့သို့ပြန်လည်ကြွချီလာခဲ့သည်။ဤတွင်ရတနသုတ်တော်ဖြစ်ပေါ်၍ရွတ်ဆိုခဲ့ကြပါသတည်း ။
…………………………………………………………
ရတနသုတ်တော် ကို အမြဲမပြတ် ရွတ်ဖတ် သရဇ္ဈာယ် ခြင်းဖြင့် ကပ်ကြီးသုံးပါး ကို ကျော်နင်းစေနိုင်သည် ။ စုန်း ကဝေ တစ္ဆေများ မပြုစားနိုင် ။ အချုပ် အနှောင် အဖွဲ့ များက ကင်းလွတ်စေနိုင်သော တန် ခိုးသတ္တိ ရှိလေသည် ။

 

မင်္ဂလ သုတ်တော် ဝတ္ထုဖြစ်စဉ်

မင်္ဂလသုတ်တော် ဖြစ်ပေါ်ရာ နေရာဒေသသည်ကား သာဝတ္ထိပြည်မွန် ဇေတဝန် ကျောင်းတော်တွင် ဖြစ်သည်။ ဂေါတမ ဗုဒ္ဓ ဘုရားသခင်သည် အနာထပိဏ် သေဋ္ဌေး ဆောက်လုပ် လှူဒါန်း သော ဇေတဝန် ကျောင်းတော်မှာ စံနေခိုက် လူ့လောက တွင် မင်္ဂလာ ဆိုတာ ဘာလဲ ဟူသောပြဿနာ ပေါ်ပေါက်လေသည် ။မည်သည့် အချက်သည် မင်္ဂလာ ဖြစ်သည်ဟု တိတိကျကျ မဆုံးဖြတ်ရသေးသော ကာလ ဖြစ်သဖြင့် မိမိတို့ ထင်ရာ ၊ မြင်ရာ ၊ ကြိုက်ရာ ကို မင်္ဂလာ ဟုစွဲလန်းနေကြသောအုပ်စုကြီး၃ခုရှိလေသည် ။တစ်အုပ်စု မှာ ကြားသော အသံကို စွဲ၍ ရယ်မောသံ ၊ကျက်သရေရှိသောစည်မောင်းသံ၊ခရုသင်းသံစသောဣဋ္ဌာရုံဖြစ်ဖွယ်အသံကြားလျှင်မင်္ဂလာဟုဆို၏။တစ်အုပ်စုမှာ ကြားရုံနှင့် မင်္ဂလာ ဘယ်မှာ ဖြစ်ပါ့မလဲ ၊ မျက်စိနှင့် တပ်အပ်ထင်ထင် မြင်မှသာ မင်္ဂလာ ဖြစ်မှာပေါ့ ၊ လှပ သော ပန်း ကိုမြင်ခြင်း၊ စိန် ရွှေ ငွေ ရတနာ ဝတ်ဆင်ထားသော မိန်းမ ပျို ကို မြင်ခြင်း ၊ ရေ ပြည့်သော အိုး ၊ သွေးရောင် လှပြီ နွားမဝဝစသည်တို့ကိုမြင်မှမင်္ဂလာဖြစ်သည်ဆိုပြန်သည် ။ကျန်တစ်အုပ်စု က ကြားရုံ ၊ မြင်ရုံ နှင့် မင်္ဂလာ မဖြစ်သေး ၊ ကိုယ်တိုင် ဒိဋ္ဌ မြင်တွေ့ရမှ မင်္ဂလာ ဖြစ်ရပေမည် ။ပန်းလှလှကို မြင်ရရုံမဟုတ် လက်နှင့် ကိုင် ၊ နှာခေါင်း နှင့် နမ်းရှူရမှ မင်္ဂလာ ၊ရေ ပြည့်အိုးမြင်ရတာထတ်ရေကိုသောက်ရမှပေါ့၊နွားမဝဝမြင်ရတာထက်နွားနို့မလိုင်ခဲစားရမှမင်္ဂလာဟုဆို.ကြသည်။ထိုအုပ်စု ( ၃ ) စုသည် သူ့အယူမှန်သည် ၊ ကိုယ့်အယူမှန်သည် ဟုငြင်းခုန်ကြရာ တစ်ဖက်နှင့် တစ်ဖက် စင်မြင့်ဆောက် ၍ ရက်ရှည်လများ ဟောပြောပွဲကြီးများ နှင့် ငြင်းခုံကြရာ လူပါမက ကိုယ်စောင့်နတ်ချင်းပင်ငြင်းခုန်ကြ၏ ။ယင်းကဲ့သို့ ပြဿနာ စခဲ့ခြင်းမှ ဘုမ္မစိုး နတ် ၊ ရုက္ခစိုး နတ် များမှ တဆင့် အာလိန်ငါးဆင့်ကို ကျော်ကာ တာဝတိံသာ နတ်များထိ အုပ်စု ဖွဲ့ကာ ငြင်းခုန်ပွဲ ကူးစက်လာလေတော့၏ ။ထိုသို့သော ပြဿနာ ကြီးမားမှု ကြောင့် မည်သူ မှန်သည် ၊ မည်သူ မှားသည် အဆုံးအဖြတ်ပေးပါရန် သိကြားမင်း ထံဝင်၍ရင်ဆိုင်ကြလေတော့သည် ။ဤတွင် သိကြားမင်း က ဤမင်္ဂလာ ကိစ္စသည် ကျယ်ဝန်း နက်နဲ လှသည် ၊ ငါလည်း အမှန်မသိ ၊ ထို့ကြောင့် လူ့ပြည်တွင် ထင်ရှား ပွင့်တော်မူနေသော ဂေါတမ မြတ်စွာ ဘုရား သည် သိရှိနိုင်ရာ၏ ။ခေတ္တ စောင့်ကြ ဟု ဆိုကာ နတ်သား တစ်ပါးအား ဘုရားရှင် ထံ မေးမြန်းရန် လွှတ်လိုက်လေသည်။ထိုနတ်သား မေးလျှောက်ချက်အရ ဘုရားသခင် ပြန်လည်ဟောကြား ဖြေဆိုသော မင်္ဂလာ တရား ( ၃၈ ) ပါး ပါဝင်သည့် ဤမင်္ဂလ သုတ်တော် ဖြစ်ပေါ်လာရခြင်းဖြစ်လေသတည်း ။
……………………………………………………………………….

မင်္ဂလ သုတ်တော် ကို အမြဲ ရွတ်ဖတ်ခြင်း ဖြင့် မည်သည့် နေရာ ဒေသမှာ နေနေ မင်္ဂလာ ပြည့်တင်း ဘေးရန်ကင်းရှင်း စေပါသည် ။ မနာလိုသူ များက မိမိအား မကောင်း ကြံ၍မရ ။ မိမိ ၏အိမ်ထောင်ရေး ၊ ပညာရေး ၊ စီးပွါးရေး အမြဲ အဆင်ပြေ ပြေ နေစေနိုင်သည် ။ လောကီ ကြီးပွါးရေးသာမက လောကုတ္တရာ မဂ်ဉာဏ် ၊ ဖိုလ်ဉာဏ် ကိုပင် ရရှိနိုင်လေသည် ။

ကျနော်ကိုယ်ပိုင်ရေးသားမှု့မဟုတ်ပဲ blog walker အဖြစ်မှ ရှာဖွေတွေ့ရှိမှု့များဖြစ်ကြောင်းနှင့် ကျနော်ချစ်သော ပြည်သူပြည်သားများ အကျိုးအတွက်ရယ် ကျနော် ကိုယ်ပိုင် ဘလော့မှတ်စုလေး(၀ါ)ကိုယ်ပိုင်စာကြည့်တိုက်လေးအဖြစ်ရယ် ရေးမှတ်လိုက်ခြင်းဖြစ်၏